baking stuff

Sunday, March 29, 2015

တွေးမိတိုင်း ပျော်တယ်- ဆရာတော် ဦးဇောတိက

ဆက်ဆံရေး

သေချင်လောက်အောင်စိတ်ညစ်ရတာဟာ စားဝတ်နေရေးကြောင့်ဖြစ်တာ အင်မတန် နဲတယ်၊၊ သေချင် လောက်အောင် စိတ်ဆင်းရဲတာဟာ ဆက်ဆံရေးမှာ သဘောထား မမှန်လို့ပါ၊၊ ဆက်ဆံရေး မပြေလည်လို့ပါ၊၊

ကိုယ့်ဘဝမှာ အစစအရာရာ အဆင်ပြေဖို့ အရေးအကြီးဆုံး အချက်ဟာ ဆက်ဆံရေး ကောင်းဖို့ပဲ၊၊ ဆက်ဆံရေး မကောင်းရင် ကြီးပွားရေး တိုးတက်ရေးမှာ အခက်အခဲ များမယ်၊၊ တခြားအရည်အချင်းတွေ ဘယ်လောက်ရှိရှိ ဆက်ဆံရေးမကောင်းရင် မကြီးပွားနိုင်ဘူး၊၊ ဆက်ဆံရေးကောင်းဖို့ဆိုတာ စိတ်နေသဘောထား မျှတမှု၊ ကိုယ်ချင်းစာနာမှု ရှိရုံလောက်နဲ့ မရသေးဘူး၊၊ အပြောအဆို ပြေပြစ်ဖို့၊ ပြတ်သားဖို့လည်း လိုတယ်၊၊ ဒါကြောင့် ပြောပုံဆိုပုံကို သေသေချာချာ လေ့လာရမယ်၊ လေ့ကျင့်ရမယ်၊၊ လူလူချင်း ဆက်ဆံရေးသည်ပင်လျှင် ကိုယ့်ကိုယ်ကိုကိုယ် ပိုပြီး ရင့်ကျက်တဲ့သူ ပြည့်ဝတဲ့သူ ဖြစ်လာအောင် အထောက်အကူ ပေးနိုင်တယ်၊၊ ဆက်ဆံရေး ကောင်းတဲ့သူ ဖြစ်ချင်ရင်၊ ရင့်ကျက်တဲ့သူ ပြည့်ဝတဲ့သူ ဖြစ်ချင်ရင် စကားပြောတဲ့အခါမှာ သတိနဲ့ဥာဏ်နဲ့ ယှဉ်ပြီး ပြောတဲ့ အလေ့အကျင့်ကို လုပ်မှဖြစ်မယ်၊၊

ကိုယ်နဲ့ တခြားလူတွေနဲ့ ဆက်ဆံရေးဟာ ကိုယ့်ကို သတိနဲ့ နေဖို့ရာ မဆုံးနိုင်တဲ့ အခွင့်အလမ်းကို ပေးတယ်၊၊ အဲဒီလိုသတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်ခြင်းအားဖြင့် ဆက်ဆံရေးကြောင့် ဖြစ်တဲ့ စိတ်ပင်ပန်းမှုကိုလည်း လျှော့နည်း သွားစေနိုင်တယ်၊၊
In fact many of the people who cause us the most stress may be people we love very deeply.
တကယ်တော့ ကိုယ့်ကို အများဆုံး စိတ်ပင်ပန်းစေတဲ့ သူတွေဟာ ကိုယ် အင်မတန် နှစ်နှစ်ကာကာ ချစ်တဲ့သူတွေ ဖြစ်နေနိုင်တယ်၊၊

လူတွေကို ချစ်တတ်တာဟာ အဆင့်မြင့်တဲ့ အနုပညာ ဖြစ်ပါတယ်၊၊ လှတဲ့ဆက်ဆံရေးဟာ အနုပညာ ဖြစ်ပါတယ်၊၊ ဆက်ဆံရေးလှမှ ဘဝ လှမယ်၊၊ လူတယောက်ကို ကိုယ့်ဘဝထဲကနေ ထုတ်ပယ်လိုက်တိုင်း ထုတ်ပယ်လိုက်တိုင်း ကိုယ့်လောကဟာ ကျဉ်းသွားတယ်၊၊ အဲဒီလို ထုတ်ပယ် ရတာတွေ များလာလို့ရှိရင် ကိုယ့်ဘဝဟာ ကြာလေ ကျဉ်းလေ၊ ကြာလေ ကျဉ်းလေ ဖြစ်သွားလိမ့်မယ်၊၊ ကိုယ်ကျိုးအတွက် အသုံးချဖို့ မရည်ရွယ်ဘဲ ခင်မင်မှုကိုအဓိကထားတဲ့ ဆက်ဆံရေးဟာ စိတ်ကျေနပ်မှုကို အများဆုံးပေးတဲ့ ဆက်ဆံရေးဖြစ်တယ်။ အခုခေတ်မှာ အတ္တစိတ် ပိုအားကြီး လာတယ်။ တကိုယ်ကောင်းဆန်တဲ့စိတ် ပိုအားကြီးတယ်။ ကိုယ့်အတွက် ဘယ်လို အသုံးချလို့ရမလဲ ဆိုတာကို ပိုတွေး လာတယ်။ အဲဒါကြောင့် လူတော်တော် များများရဲ့ဘဝဟာ ခြောက်ခမ်း သွားနေတယ်။

တခုခုကို ကိုယ်ကျိုးအတွက် အသုံးမချချင်တဲ့ အခါကျမှ သူ့ရဲ့ တန်ဖိုးအမှန်ကို သိရတယ်။ ကိုယ့်ကို အသုံးချဖို့ စိတ်ကူးတယ်ဆိုတာကိုက တနည်းအားဖြင့် စော်ကားတာကိုခံလိုက်ရသလိုပဲ၊၊ ကိုယ့်ကိုချစ်တာမှ မဟုတ်တာ၊ လေးစားတာမှ မဟုတ်တာ၊ တန်ဖိုးထားတာမှ မဟုတ်တာ၊၊ ကိုယ့်ကို တန်ဖိုး ချလိုက်တာ။ တန်ဖိုး ဖြတ်လိုက်တာကို ခံလိုက်ရတာ။ တန်ဖိုး ဖြတ်လိုက်တာဟာ တန်ဖိုး ချလိုက်တာ တမျိုးပဲ။ လူတွေဟာ တယောက်ကို တယောက် တွေ့တာနဲ့ တနည်းနည်းနဲ့ တန်ဖိုးဖြတ်ချ လိုက်တယ်။ အဲဒီ တန်ဖိုးဖြတ်ထားတာ ပေါ်မှာ မူတည် ပြီးတော့ ဆက်ဆံ ကြတယ်။ အထင် ကြီးနေရင် တမျိုး ဆက်ဆံတယ်။ အထင်သေးနေရင် တမျိုး ဆက်ဆံတယ်။ အထင်ကြီးတယ် ဆိုတာ တန်ဖိုးဖြတ်တာ တမျိုးပဲ။ အထင်သေးတယ် ဆိုတာလည်း တန်ဖိုးဖြတ်တာ တမျိုးပဲ။ အထင်ကြီးတာ အထင်သေးတာ မရှိရင် တန်ဖိုးဖြတ်တာ မရှိဘူး။ လူတယောက်ကို တန်ဖိုး ဖြတ်လိုက်တာနဲ့ အဲဒီလူကို တန်ဖိုး ချလိုက်တာပဲ။ လူဆိုတာ တန်ဖိုးဖြတ်လို့ ရတဲ့အရာ မဟုတ်ဘူး။ လောကမှာ ငါ့အတွက် သုံးလို့ရတာမှ တန်ဖိုးရှိတယ်လို့ ပြောမလား။ ကိုယ့်အတွက် အသုံးဝင်သည် ဖြစ်စေ၊ အသုံးမဝင်သည် ဖြစ်စေ၊ မြတ်နိုးတတ်တဲ့စိတ်၊ ချစ်တတ်တဲ့စိတ်၊တန်ဖိုး ထားတတ်တဲ့စိတ် ရှိသင့်တယ်။ အဲဒီလို စိတ်မျိုးရှိမှသာ အဲဒီလူဟာ ဘာကို မြင်ရမြင်ရ ပျော်တဲ့စိတ် ဖြစ်မယ်။ ကိုယ် အသုံးချဖို့ ရလို့ ပျော်တာနဲ့ သူ့ကို လက်နဲ့တောင် မတို့ပဲနဲ့ မြင်ရရုံ သက်သက်နဲ့ ပျော်တာနဲ့ ဘယ်ဟာက အဆင့်အတန်း မြင့်သလဲ။ လိုချင် နေကြတယ်။ ဒါပေမဲ့ မြတ်နိုးတဲ့ စိတ်တော့ တကယ်မရှိကြဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုကို တကယ် မရကြတာပါ။

လူလူချင်း ဆက်ဆံရေးမှာလည်း ဒီလူတယောက်ကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချဖို့ သက်သက် သဘော မထားရဖူး။ အသုံးချဖို့ သဘောထားတာ တန်ဖိုးချလိုက်သလို ဖြစ်သွားတယ်။ သူ့ကို တန်ဖိုးထားတယ် လေးစားတယ်၊ သူဟာ ကိုယ့်လောကထဲမှာ ရှိတယ်၊ သူဟာ ကိုယ့်ဘဝထဲမှာ ရှိတယ်၊ သူဟာ ကိုယ့်ဘဝကို တနည်းအားဖြင့် အဓိပ္ပါယ် ရှိစေတယ်။ ကိုယ်နဲ့မသိတဲ့သူ၊ မပတ်သက်တဲ့သူပဲ ဖြစ်စေအုံးတော့ လောကကြီးထဲမှာ သူတို့ ရှိနေတာကိုက တိုက်ရိုက် မဟုတ်တောင်မှ သွယ်ဝိုက်တဲ့ နည်းနဲ့ ကိုယ့်ကို အထောက်အပံ့ ပေးနေတယ်။ ဒါကြောင့် ကိုယ်မသိတဲ့သူကိုတောင်မှ ကိုယ်တတ်နိုင်သလောက် အကျိုးပြုရမယ်။ သူ့မှာ တန်ဖိုးထားစရာ စိတ်နေ သဘောထားလေးတွေ၊ သူ့စေတနာ၊ သူ့မေတ္တာ၊ အဲဒါတွေကို အာရုံပြုပြီးတော့ လေးစားတဲ့စိတ် တန်ဖိုး ထားတဲ့စိတ် ချစ်တဲ့စိတ်နဲ့ ဆက်ဆံရတာ အင်မတန် လေးနက်တယ်။ သူ့ဆီက ဘာရနိုင်သလဲ ဆိုတဲ့ အတွေးမျိုးတွေနဲ့ တွေးပြီးတော့ ဆက်ဆံရရင် ကျေနပ်မှု မရနိုင်ဘူး။ စိတ်ဆင်းရဲမှုကိုပဲ ရမယ်။

လူဆိုတာ လူအများနဲ့ ဆက်ဆံမှု ရှိရမယ်။ အပြန်အလှန် နားလည်မှု ရှိရမယ်။ လုပ်စရာရှိတာတွေကို တိုင်ပင်ပြီးတော့ ကိုယ့်သဘောထား ကိုယ့်အကြိုက်ကို သူ့ကိုပြောပြ၊ သူ့သဘောထား သူ့အကြိုက်ကိုလည်း မေးပြီးတော့ နားထောင်ပြီးတော့ ညှိပြီး အားလုံးအတွက် ကောင်းအောင် လုပ်ရမယ်။ ဒါမှ လူ့အသိုင်းအဝိုင်းဟာ အဆင်ပြေမယ်၊ တိုးတက်မယ်။ ကိုယ့်မှာလည်း အတွေ့အကြုံ အမျိုးမျိုး ရမယ်။ ဥာဏ်ပညာ တိုးတက်မယ်၊ ရင့်ကျက်မယ်။ ကိုယ် သိထားတာတွေ တတ်ထားတာတွေဟာ များသောအားဖြင့် သူများဆီက ရတာတွေပဲ။ လူအများနဲ့ မဆက်ဆံရင် ကိုယ့်မှာ ရနိုင်တဲ့ ပညာတွေ မရတော့ဘူး။ လူတွေနဲ့ ဆက်ဆံရေး မရှိတော့ရင် ကိုယ့်ဘဝ ဆိုတာလည်း မရှိတော့ဘူး။ လူဆိုတာ တယောက်တည်းနေလို့ ရတာ မဟုတ်ဘူး။ အားလုံးနဲ့ အမြဲတမ်း ဆက်စပ်နေတယ်။ တယောက်တည်းနေရင် အခုလောက် မသိနိုင်ဘူး။ တယောက်တည်းနေရင် မေတ္တာ၊ ကရုဏာ ဆိုတာတွေလည်း ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။ သည်းခံတာ၊ ခွင့်လွတ်တာ၊ နားလည်မှု ပေးနိုင်တာ၊ အကျိုးကိုလိုလားတာ စတဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေလည်း ဖြစ်ပေါ်ခွင့် ရမှာ မဟုတ်တော့ဘူး။ စိတ်ဓာတ်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ၊ အသိဥာဏ် မြင့်မားမှုတွေ ဖြစ်ပေါ်လာမှာ မဟုတ်တော့ဘူး။ ဒါတွေဟာ လူ့အသိုင်းအဝိုင်းကြီးမှာနေရင်း လူတွေအချင်းချင်း ဆက်ဆံရင်းကနေ ဖြစ်ပေါ်လာတာတွေ ဖြစ်တယ်။ တယောက်တည်းနေရင် ကိုယ့်မှာရှိတဲ့ ထွက်ပေါ်နိုင်သမျှ အရည်အချင်း အားလုံး ထွက်ပေါ်ခွင့်ရမှာ မဟုတ်ဘူး။ ဒါတွေကို စဉ်းစားမိတဲ့အခါ ငါ အခုလို လုပ်သင့်တာတွေ လုပ်ပြီး သိသင့်တာတွေ သိလာရတာဟာ လူအများကြီးရဲ့ ကျေးဇူးတွေ ပါနေတယ်။ တစ်လောကလုံးရဲ့ ကျေးဇူးတွေ ပါနေတယ်။ တိရစ္ဆာန်တွေ သစ်ပင် ၊ ရေ၊ မြေ၊ တောတောင် သဘာဝ အားလုံးပါမကျန် ကျေးဇူး ရှိကြပါတယ်။ အခုခေတ်မှာရှိတဲ့ လူတွေတင်မကဘူး၊ ရှေးခေတ်တုန်းက ရှိခဲ့ဖူးတဲ့ သမိုင်းမှာ ရှိခဲ့ဖူးတဲ့ လူတွေရဲ့ ဆောင်ရွက်ချက် တွေဟာ ငါ့ကို လာပြီး အကျိုးပြုနေတယ်။ သူတို့ကြောင့် ငါ့မှာ အကျိုးရှိနေတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်တယ်။ အခုလို အားလုံးရဲ့ ကျေးဇူးကို ပိုပြီး သိလာတဲ့ အတွက်ကြောင့် ကိုယ် တတ်နိုင်သလောက် နဲနဲလေးပဲ ဖြစ်ဖြစ် ပြန်လုပ်ပေးချင်တဲ့စိတ် ဖြစ်တယ်။ အများအကျိုးကို ဆောင်ရွက် ချင်တယ်။🌿🌿🌿

လူဆိုတာ လူတွေနဲ့ အတူနေရတယ်။ ဒါကြောင့် လူတွေအကြောင်း များများသိဖို့ လိုတယ်။ လူတယောက် အကြောင်းကို သိလိုက်ရတိုင်း သိလိုက်ရတိုင်း အတုယူစရာ ၊ နည်းယူစရာ ၊ သင်ခန်းစာယူစရာတွေ အများကြီးရတယ်။ ကိုယ်က လူတွေအကြောင်း များများသိထားရင် လူတွေနဲ့နေရတာ၊ ပြောရဆိုရတာ၊ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါ့အပြင် သူများအကြောင်း သိရတဲ့ အခါမှာ ကိုယ့်အကြောင်းလည်း ပိုသိလာတယ်။ ကိုယ့်အကြောင်းကို ပိုသိလေလေ သူတပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်။ လူတယောက်ကို မြင်တာနဲ့ “ငါ ကိုယ်ချင်းစာတော့မယ်။ ငါ့ကို အေးအေးဆေးဆေး လေးလေးစားစား တန်ဖိုးထားပြီးတော့ ပြောမယ်၊ ဆိုမယ်၊ ဆက်ဆံမယ် ဆိုရင် ငါ ကြိုက်တယ်။ ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်၊ ဒေါသနဲ့ မပြောဘူး။ ကိုယ်ချင်းစာပြီးတော့ ပြောမယ်၊ လေးလေးစားစား ပြောမယ်” ဆိုတဲ့ စိတ်နဲ့ ပြောကြည့်၊ ဆက်ဆံရေးဟာ အများကြီး အဆင်ပြေလာနိုင်ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့ စိတ်နေသဘောထားဟာ အင်မတန် မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ကို ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်းဆုံး လက်ဆောင် ပေးလိုက်တာပဲ။ အကောင်းဆုံး စေတနာနဲ့ သူ့ကို အရိုးသားဆုံး ဆက်ဆံလိုက်တာဟာ သူ့ကို အကောင်ဆုံး လက်ဆောင် ပေးလိုက်တာပဲ။ ပရိယာယ် မသုံးပဲနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးအရာ တခု ဖြစ်တယ်။

ကိုယ့်စိတ်၊ ကိုယ့်ခံစားချက်နဲ့ သူတပါးရဲ့ စိတ်၊ သူတပါးရဲ့ ခံစားချက်တွေကို နားလည်ပြီးတော့ အားလုံးအတွက် အဆင်ပြေအောင် ဆက်ဆံတတ်တဲ့သူ၊ အဆင်ပြေအောင် သဘောထားချင်း၊ အကြိုက်ချင်း ညှိပြီး အလုပ် လုပ်တတ်တဲ့ သူက ရေရှည်မှာ ပိုပြီး အဆင်ပြေမယ်၊ စိတ်ချမ်းသာမယ်။ အသက်ကြီးသွားတဲ့ အထိ သူ့ဘဝကို ကျေကျေနပ်နပ် အဓိပ္ပါယ်ရှိရှိ နေနိုင်မယ်။ လူအများဟာ တယောက်နဲ့ တယောက် ရန်မဖြစ်ရုံလောက် အဆင်ပြေအောင် စကားချောအောင် ပြောပြီးတော့ ဆက်ဆံသွားကြတာ များတယ်။ တကယ် စိတ်ထဲရှိတာကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ သဘောထား အယူအဆ ခံယူချက်ချင်း မတူတောင်မှ တစ်ယောက်ကို တစ်ယောက် လေးစားနိုင်တဲ့ တန်ဖိုးထားနိုင်တဲ့ ဆက်ဆံရေးမျိုးကို ရနိုင်ဖို့ဆိုတာ နှစ်ဦးလုံးမှာ အင်မတန် ရင့်ကျက်ဖို့ လိုသလို နှစ်ဦးစလုံးမှာ အင်မတန် သတ္တိရှိဖို့ လိုတယ်။ အားငယ်တတ်တဲ့လူဟာ အကြိုက်ကို ပြောမှပဲ လက်ခံတယ်။ အားငယ်တတ်တဲ့ လူဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး ၊ creative ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို မရနိုင်ဘူး။ ကိုယ့်ကိုယ်ကို တကယ် ယုံကြည်မှု မရှိတဲ့သူဟာ သူတပါးရဲ့ အထောက်အကူကို လိုချင်နေတယ်။ သူတပါးရဲ့ သဘောတူမှုကို မှီခိုနေတယ်။ သူ့ကို ထောက်ခံတဲ့ သူကိုမှ သဘောကျတယ်။ ငါ့အယူအဆကို လက်မခံရင် ငါ့ရန်သူလို့ သဘောထားတယ်။

communication, communion နဲ့ union ပြောဆိုခြင်း ၊ ပေါင်းစည်းခြင်း၊ စုစည်းခြင်းဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပာယ်ချင်း ဆက်စပ်နေတယ်။ ပြောဆိုခြင်းဆိုတဲ့ စကားကိုက ပေါင်းစပ်ခြင်း၊ တွဲစပ်ခြင်း၊ အသိအမြင် ဖလှယ်ခြင်း၊ အသိအမြင် မျှပေးခြင်း ဆိုတဲ့ အဓိပ္ပာယ်တွေကို ရည်ညွှန်းတယ်။ အဲဒီတော့ ပြောဆိုတာဟာ ပူးပေါင်းတာပဲ။ နားလည်သွားတယ်၊ သဘောပေါက် သွားတယ်၊ ကိုယ့်အမြင် ကိုယ့် ခံစားချက်တွေကို သူသိသွားတယ်၊ သူ့အမြင် သူ့ခံစားချက်ကို ကိုယ် သိသွားတယ်။ အဲဒီလို သိသွားတဲ့အတွက် သူနဲ့ကိုယ်နဲ့ ဆက်စပ်မိသွားတယ်။ သူ့စိတ်နဲ့ ကိုယ့်စိတ် ဆုံတွေ့သွားတယ်။ ပေါင်းမိသွားတယ်။ ဆက်မိသွားတယ်။ ဒီလို စိတ်ချင်း တွေ့သွားတာဟာ အယူအဆ တူသွားတာ မဟုတ်ဘူး။ သဘော တူသွားတာ မဟုတ်ဘူး။ တယောက်ရဲ့အမြင်ကို တယောက် နားလည်သွားတာ၊ တယောက်ရဲ့ ခံစားချက်ကို တယောက် သိသွားတာပဲ။ သဘောပေါက်တာနဲ့ သဘောတူတာဟာ မတူပါဘူး။ သဘောတူနိုင်တဲ့ အခြေအနေ ရှိရင် သဘောတူသင့်ရင် တူမယ်။ သဘောမတူချင်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး၊ ရတယ်။ သဘောပေါက်ဖို့က ပထမအဆင့်။

ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး မရလို့ စိတ်ဆိုးတယ်၊ ဒေါသဖြစ်တယ် ဆိုတာက သဘာဝကျတဲ့ ခံစားချက် ဖြစ်ပါတယ်။ ဒီလိုနေရာမှာ ဒေါသ မဖြစ်တတ်ရင် အင်မတန် တရားဥာဏ်တွေ ရင့်ကျက်နေလို့ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ကိုယ့်အခွင့်အရေး ဆုံးရှုံးနေတာကို ဆုံးရှုံးနေမှန်း မသိလောက်အောင် ဥာဏ်နည်းလို့ရင်လည်း ဖြစ်ရမယ်။ သို့သော် ကိုယ့်အခွင့်အရေးကို ရအောင် လုပ်တဲ့အခါမှာ သဘောထားမှန်မှန် လုပ်နည်းမှန်မှန်နဲ့ လုပ်ဖို့တော့ လိုပါတယ်။ ပြောရဲဆိုရဲတယ်၊ ရသင့်တာ ရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ့်ရဲ့ အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ် ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူ ဆိုတာက ကိုယ့် ခံစားချက်ကိုလည်း သိရမယ်။ အဲဒီ ခံစားချက်ကိုလည်း တဖက်လူ နားလည်အောင် ပြောပြတတ် ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်း ရှိရမယ်။ အဲဒီလို ပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာ (integrity) ကိုလည်း မထိခိုက်စေရဘူး။ တဖက်သားရဲ့ ကိုယ်ကျင့်သိက္ခာ ကိုလည်း မထိခိုက်စေရဘူး။ ထိန်းသိမ်းရမယ်။
🌹
စိတ်ခိုင်မာတာ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိနေတာကြောင့် တဖက်သားက အဲဒီ တည်ငြိမ်မှုဘက်ကို အဆွဲခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တည်ငြိမ်တဲ့ အမူအရာဟာ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကို ဖော်ပြနေလို့ပဲ။ တည်ငြိမ်အေးဆေးတဲ့ အမူအရာဟာ ဆွဲဆောင်နိုင်တဲ့ အင်အား ရှိတယ်။ ကိုယ့်ကို ရန်လုပ်တဲ့သူက ယောက်ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တည်ငြိမ်မှုကို သူ ခံစားလိုက်ရပြီ။ ကိုယ့်မှာ မိမိကိုယ်ကို ယုံကြည်မှု (self-confidence) ရှိနေတာကိုလည်း တဖက်သားက ခံစားပြီး သိသွားပြီ။ ကိုယ်က နဂိုကတည်းက ကြောက်စိတ် ရှိနေရင် သူက ဒေါကြီးမောကြီးနဲ့ ပြောတာနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ကာကွယ်တော့မယ်။ ကိုယ့်စိတ်ထဲမှာ ခိုင်မာမှု လုံခြုံမှုရှိရင် သူ့စကားကို ဆုံးအောင် နားထောင်နိုင်တယ်။ အဲဒီလို လုံခြုံမှုရှိဖို့ ဆိုတာကိုက စိတ်ထဲမှာ သတိရှိမှ ရမယ်။ သတိရှိလို့ရှိရင် လုံခြုံလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်။ ကိုယ်က သူ့စကားကို အေးအေးဆေးဆေး နားထောင်လိုက်ရင် သူ့စိတ် နဲနဲ ငြိမ်သွားတဲ့အခါ ကိုယ့်စကားကိုလည်း သူက နားထောင်မယ်။ အဲဒီလိုဆိုရင် သူနဲ့ကိုယ်နဲ့ အပြန်အလှန် ဆွေးနွေးလို့ ရပြီ။ ဆွေးနွေးလို့ ရသွားရင် သဘောထားခြင်း ညှိလို့ရတော့မယ်။ သဘောထားကွဲလွဲမှု ရှိနေရင်တောင် နားလည်မှုတမျိုးတော့ ရမယ်။ ဒေါသကြီးတာ ခိုင်မာတဲ့သဘော မဟုတ်ဘူး။ ထွက်ပြေးတာ၊လွယ်လွယ်နဲ့ အလျှော့ပေးတာ ခိုင်မာတဲ့ သဘော မဟုတ်ဘူး။ရန်ပြန်တွေ့တာလည်း ခိုင်မာတဲ့သဘော မဟုတ်ဘူး။ အေးဆေးတာ တည်ငြိမ်တာ ခိုင်မာတဲ့သဘော ဖြစ်တယ်။
🌹🌹🌹
ကိုယ့်စိတ်ကို ကိုယ်သိရင် စိတ်ကို အေးချမ်းအောင် ထားနိုင်လာတယ် ဆိုရင် အဲဒီ အေးချမ်းတဲ့စိတ်နဲ့ သူ့ကို အေးအေးဆေးဆေး လေးလေးစားစား မေတ္တာ ကရုဏာနဲ့ ဆက်ဆံရင် မိတ်ဆွေ ဖြစ်သွားတော့မှာပဲ၊၊ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင် လုပ်နိုင်တဲ့ နည်းဟာ ဒီတနည်းပဲ ရှိတယ်၊၊ လက်စားချေတဲ့နည်းနဲ့ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင် လုပ်လို့ မရဘူး၊၊ လူတိုင်းဟာ အဲဒါမျိုးကို လိုချင်ကြပါတယ်၊၊ ကိုယ်ကအရင် ပေးနိုင်ဖို့ အရေးကြီးပါတယ်၊၊ လူတွေနဲ့ ဆက်ဆံရေးမှာ ကိုယ့်ဘက်က တာဝန်ကို ကိုယ်ယူရမယ်၊၊ ကိုယ့်အမြင် ကိုယ့်ရှုထောင့် ကိုယ့်သဘောထားတွေ၊ ကိုယ့်အတွေး၊ ကိုယ့်ခံစားချက်၊ ကိုယ့်အပြုအမူတွေ မလွဲအောင်မမှားအောင် ကိုယ့်ဘက်က တာဝန်ကို ကိုယ်ယူရမယ်၊၊ ဒါကြောင့် စကားပြောတဲ့အခါကိုယ့်သဘောထား၊ကိုယ့်ခံစားချက်၊ ကိုယ့်အပြုအမူ၊ ကိုယ့်ရဲ့ ပြောပုံဆိုပုံ၊ စကားလုံး အသုံးအနှုန်း၊ အသံနေ အသံထား တွေကို သိနေရမယ်၊၊ သိနေမှ တာဝန်ယူနိုင်မယ်၊၊
🌹🌹🌹
ဆက်ဆံရေးမှာ ပြောရဆိုရတဲ့ အခါ၊ ကြောက်နေတဲ့ ခံစားမှု စိုးရိမ်နေတဲ့ ခံစားမှု ဖြစ်နေတဲ့ အခါ၊ စိတ်ဆိုးနေတဲ့ အခါ၊ ဒုက္ခရောက်နိုင်တယ်လို့ ခံစားနေရတဲ့ အခါ မျိုးမှာတောင် ပြောနေဆိုနေတာကို သတိထားနိုင်ရင် သိပြီးပြောနိုင်ရင် ဆက်ဆံရေး ထူးထူးခြားခြား တိုးတက် ကောင်းမွန် လာအောင် လုပ်နိုင်တဲ့ စွမ်းရည် တိုးလာနိုင်တယ်၊၊ ဆက်ဆံရေး ပိုကောင်းလာဖို့ ဆိုရင် ပြောတာဆိုတာ ပိုပြီးအဆင်ပြေဖို့လိုတယ်၊၊ ထိရောက်ဖို့ လိုတယ်၊၊ အဲဒီလို ဆက်ဆံရေး ကောင်းဖို့နဲ့ ထိထိရောက်ရောက် ပြောနိုင်ဆိုနိုင်ဖို့ ဆိုရင် ဆက်ဆံရေးကို အားကောင်းစေတဲ့ အချက်တွေကို သိနေအောင် သတိထားတဲ့ အလေ့အကျင့် လုပ်ရတယ်၊၊ ကိုယ့်စိတ်ရဲ့ အခြေအနေ၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေတွေကို သိနေရမယ်၊၊ ပြီးတော့ အတွေးတွေ၊ ခံစားချက်တွေ၊ ကြောက်တာ စိုးရိမ်တာတွေ၊ ပြောပုံဆိုပုံတွေ၊ ကြိုက်တာ မကြိုက်တာတွေ၊ သဘောထားတွေ၊ စေတနာတွေ၊ မျှော်လင့်ချက် ဦးတည်ချက်တွေ၊ ဒါတွေကို သိနေရမယ်၊၊ ကိုယ့်မှာ ဖြစ်နေတာတွေကို သိနေရုံတင် မကဘူး၊၊ သူ့မှာ ဖြစ်နေတာကိုပါ သိနေရမယ်၊၊ နှစ်ဦးနှစ်ဖက်လုံး အပြန်အလှန် အဲဒီလို သိနေရင်၊ သိထားရင် ပြောရေးဆိုရေး ပိုပြီး ထိရောက်မယ်၊ အဆင်ပြေမယ်၊၊ ပြောတာဆိုတာ အဆင်ပြေမှ ဆက်ဆံရေး အဆင်ပြေမယ်၊၊ ဒါကြောင့် မပြောခင် မဆိုခင် ကတည်းက ကိုယ့်သဘောထား မှန်ရဲ့လား၊ ကိုယ်မျှော်လင့်ထားတာ၊ တောင်းဆိုထားတာ သဘာဝ ကျရဲ့လား၊ မျှတရဲ့လား၊ ဖြစ်နိုင်ရဲ့လား၊ တဖက်သတ် အနိုင် ရချင်နေတာလား၊ နှစ်ဖက်လုံးရဲ့ အခက်အခဲ ပြေလည်ချင်တာလား၊ကိုယ့်ဂုဏ်တက်ပြီး သူ့ဂုဏ်ကျအောင် ပြောချင်နေတာလား၊၊ အဲဒါတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိထားရမယ်၊၊ ကိုယ့် ခံစားချက်၊ ကိုယ့် ရှုထောင့်နဲ့ ကိုယ့် လိုအပ်ချက်တွေ ကိုယ် ပြောချင်တာတွေထဲမှာပဲ မြုပ်နေမယ် ဆိုရင် တကယ်စစ်မှန်တဲ့ ပြောဆိုမှု ဆက်သွယ်မှု ဆိုတာ မဖြစ်နိုင်တော့ဘူး၊၊ ခက်ခဲတဲ့ လူလူချင်း ဆက်ဆံရေး အခြေအနေမှာ ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့သတိ ရှိနေမယ်ဆိုရင် သည်းခံနိုင်မှုရှိလို့၊ ဥာဏ်ပညာနဲ့ ယှဉ်တဲ့၊ တုန်လှုပ်ခြင်း မရှိတဲ့၊ ခိုင်မာတဲ့ သဘောထားတွေဟာ ထွက်လာနိုင်တယ်၊၊🎭🎭🎭
🌹🌹🌹
ကိုယ့်ဘဝ အခြေအနေ တိုးတက်လာချင်ရင် ကိုယ့်စိတ်ထားကို မြှင့်ရမယ်၊၊ ကိုယ့် လုပ်ရည်ကိုင်ရည်ကို မြှင့်ရမယ်၊၊ မိတ်ဆွေကောင်းတွေ များအောင် စိတ်ထားကောင်းကောင်းနဲ့ လူတွေကို ဆက်ဆံရမယ်၊၊ တတ်နိုင် သလောက် ကိုယ့်ကြောင့် လူတွေ စိတ်ချမ်းသာအောင် လုပ်ရမယ်၊၊ အဆင်ပြေအောင် လုပ်ရမယ်၊၊ အဲဒီလို လုပ်နိုင်ရင် ကိုယ့်ဘဝအခြေအနေတွေ ပိုကောင်းလာမယ်၊၊ ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့ အကောင်းကို လက်ခံနိုင်သလို အဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်၊၊ အဆိုးကို လက်ခံ နိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်၊၊ လက်မခံနိုင် သေးသ၍၊ ဖုံးကွယ် ထားသ၍ အကောင်း ဖြစ်မလာနိုင်ဘူး၊၊ ဖုံးကွယ်ထားပြီး မရှိဟန် ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး၊၊ ဒါဟာ သဘာဝပဲ၊၊ အမှန်အတိုင်း မဖုံးကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်၊၊ သူတပါးလဲ ကိုယ့်လိုပဲ ကောင်းတာနဲ့ ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်၊၊ သူတပါးရဲ့ အမှားကိုမြင်ရင် ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ပဲနဲ့၊ အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့၊ ကိုယ်ချင်းစာပြီးတော့ လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့ သူ့ရဲ့ ချို့ယွင်းချက်ကို လက်ခံနိုင်ရင် တဖက်လူဟာ သူ့ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့အနေနဲ့ ဖုံးကွယ်နေစရာ မလိုတော့ပဲ သူ့ချို့ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်၊၊ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ အချိန်တိုင်း အချိန်တိုင်းကို သတိနဲ့ ကိုယ်က ရင်ဆိုင်မယ်ဆိုရင်၊ တတ်နိုင်သလောက် စိတ်ကို အေးအေးထားမယ်၊ တတ်နိုင်သလောက် လက်ခံမယ်ဆိုရင် ဒါကို ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ် ရှိရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ရိုးသားမှု မျှတမှုကို တန်ဖိုးထားပြီး၊ ကိုယ့်ရဲ့စိတ်မှာ ဘက်လိုက်မှု မရှိဘဲ၊ ချစ်ခြင်းမုန်းခြင်း မရှိဘဲ နေမယ်ဆိုရင် အသစ်ဖြစ်တဲ့ ပိုပြီးတော့ (harmonious) ညီညွတ်မျှတတဲ့ အဖြေဟာ ကိုယ်လိုအပ်တဲ့အခါမှာ စိတ်ထဲမှာ ပေါ်လာမယ်၊၊ မျှတတဲ့သဘောထား ရှိရင် မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်၊၊ ခန္ဓာကိုယ်နဲ့ စိတ်မှာ မကျန်းမာတဲ့အခါ ကောင်းကောင်းမွန်မွန် ပြုစုကုသ ပေးရင် ပြန်ပြီးတော့ ကျန်းမာ လာနိုင်သလို ဒဏ်ရာတွေ အနာတွေ ပျောက်သွားနိုင်သလို၊ တယောက်နဲ့ တယောက် ဆက်ဆံရေးဟာလည်း ကောင်းအောင် ပြုစုပေးရင် နဂိုက ဒဏ်ရာတွေဟာ ပျောက်ကင်းနိုင်ပါတယ်၊၊ သဘောထားမှန်မှန်နဲ့ ပြေပြေလည်လည် ပြောဆိုနိုင်ရင် ဒီအနာကလေးက ပြန်ကျက်သွားနိုင်ပါတယ်၊၊ အဲဒါကို သဘောပေါက်ဖို့ လိုတယ်၊၊ တခါတရံ စိတ်ဆိုးတာ၊ ရန်ဖြစ်တာနဲ့ပဲ တသက်လုံး ရန်သူကြီးလို သဘောမထားသင့်ဘူး၊၊
🌹🌹🌹
သူတပါးက ကိုယ့်ကို တောင်းဆိုတာတွေရှိတယ်၊၊ တချို့ကိစ္စ တွေမှာ ကိုယ်က လိုက်လျှော နိုင်တာတွေ ရှိတယ်၊၊ တချို့ ကိစ္စ တွေမှာ မလိုက်လျှောနိုင်တာတွေ ရှိတယ်၊၊ တခါတရံ တချို့ကိစ္စတွေကို သူတပါးကခိုင်းတာ၊ တောင်းဆိုတာကို “ငါတော့ အဲဒီကိစ္စကို မတတ်နိုင်ဘူး” လို့ ပြောရမှာပဲ၊၊ မတတ်နိုင်လို့ မတတ်နိုင်ကြောင်း ပြောတဲ့အခါမှာ စိတ်ဆိုးဆိုးနဲ့ ဒေါနဲ့မောနဲ့ ပြောတာမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး ပြန်ပြောနိုင်ရမယ်၊၊ ကိုယ့်ဘက်ကအခက်အခဲကို တင်ပြခွင့် ရှိတယ်၊၊ ကိစ္စတခုကို မတတ်နိုင်ရင် မတတ်နိုင်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်နော်၊၊ နေရာတိုင်းမှာ ဘာဖြစ်လို့ မတတ်နိုင်ကြောင်း အကြောင်းပြချက်ကို ပြောပြနေဖို့ မလိုပါဘူး၊၊ ဖြေရှင်းချက်တွေ ပေးနေဖို့ မလိုဘူး၊၊ တချို့နေရာတွေမှာ မပေးတာ ကောင်းတယ်၊၊ ပေးလို့ရှိရင် ကိုယ့်ဖြေရှင်းချက်နဲ့ကိုယ် ချောင်ပိတ် မိနေတတ်တယ်၊၊ ဒါပေမဲ့ ဖြေရှင်းချက် ပေးချင်တယ် ဆိုရင်တော့ ပေးနိုင်ပါတယ်၊၊
🌹🌹🌹
ကိုယ်က ကိုယ့်တာဝန် မဟုတ်တဲ့ ကိစ္စမှာ ကိုယ့်တာဝန်လို့ ယူဆပြီး တာဝန်မကျေလို့ ဆိုပြီး စိတ်မကောင်း ဖြစ်တတ်ရင် သူများက အဲဒါကို နိုင်စရာအကွက်ကောင်းတခု အနေနဲ့ သူတို့ အကျိုးအတွက် အသုံးချနိုင်တယ်၊၊ ငါ အကူအညီတောင်းတာ နင်မပေးလို့ ငါ အဆင်မပြေ ဖြစ်သွားရင် နင့်ကြောင့်ပဲ နင့်အပြစ်ပဲ ဆိုပြီး ကိုယ့်ကို အနိုင်ယူလို့ ရတယ်၊၊အဲဒါသတိထားပါ၊၊ မပေးနိုင်တဲ့ အကူအညီတွေကို ထပ်တလဲလဲ တောင်းတဲ့အခါ မပေးရင်လည်း နာမည်ဆိုးရမယ်၊ ပေးရင်လည်း ကိုယ့်မှာ မနိုင်မနင်း ဖြစ်မယ်၊ ဝန်ထုတ်ကြီး ပိမယ်၊၊ ကြာရင် ခံနိုင်မှာ မဟုတ်ဘူး၊၊ ဆက်ဆံရေးဟာလည်း အပြောခံရမှာကြောက်လို့ လိုက်လျှောရတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာလို့ စိတ်ချမ်းသာမှု စိတ်ကျေနပ်မှု ရမှာ မဟုတ်ဘူး၊၊ အပြောခံရမှာကြောက်လို့ ပေးရရင် စေတနာနဲ့ ပေးတာ မဟုတ်တော့ဘူး၊၊ တကယ်ခင်မင်လို့ ပေးတာ မဟုတ်တော့ဘူး၊၊ တယောက်ကို တယောက်လည်း အပြစ်တင်လို့ရမည့် အချက်ကိုပဲ စောင့်နေသလို ဖြစ်နေမယ်၊၊ နှစ်ယောက်စလုံးအတွက် နစ်နာတယ်၊၊ ဒီလိုဆက်ဆံရေးဟာ မိတ်ဆွေကောင်းဆက်ဆံရေး မဟုတ်ဘူး၊၊ တယောက်ကိုတယောက် အပြစ်မရှာပဲ၊ ကိုယ့်စိတ်ကို ကိုယ် ချမ်းသာအောင် ထားတတ်တဲ့ လူနှစ်ယောက် ဆက်ဆံရင် ဘယ်လောက် ကောင်းမလဲ၊၊
🌹🌹🌹
အမှား အမှန်၊ အကောင်း အဆိုး၊ ဖြစ်နိုင် မဖြစ်နိုင်၊ ဖြစ်သင့် မဖြစ်သင့် ဆိုတာတွေကို စဉ်းစားပြီးတော့ ဘက်မလိုက်ဘဲ မျှတတဲ့အမြင်၊ ရင့်ကျက်တဲ့အမြင်၊ လူကြီးပီသတဲ့ အမြင်မျိုးနဲ့ ပြောမှ စကားပြော တတ်တယ်လို့ ဆိုနိုင်တယ်၊၊ “ဆိတ်ဆိတ် နေခြင်းသည် ထောင်တန်၏” လို့ ပြောကြတယ်၊၊ မပြောသင့်တဲ့ စကားကို မပြောဘဲ ဆိတ်ဆိတ်နေတာတော့ ထောင်လည်း တန်တယ်၊ သောင်းလည်း တန်တယ်၊၊ ဒါပေမဲ့ ပြောသင့်တဲ့ စကားကို မပြောပဲ ဆိတ်ဆိတ် နေတာကိုတော့ ထောင်တန်တယ်လို့ မပြောနိုင်ဘူး၊၊ တစ်သက်လုံး ဘာမှမပြောပဲ နေတဲ့သူက အဖိုးအတန်ဆုံးလူ ဖြစ်သွားမှာပေါ့၊၊
🌹🌹🌹
“နိုင်လိုသူကို အရှုံးပေး နှလုံးအေးတဲ့ ဆေး” လို့ ပြောတာ ကြားဖူးတယ်၊၊ ဒ်ီစကားဟာ နားထောင်လို့ တော်တော် ကောင်းတယ်နော်၊၊ လုပ်ကြည့်ဖူးတဲ့သူ ဘယ်သူရှိသလဲ၊၊ တသက်လုံး ကိုယ့်ကို နိုင်ချင်တဲ့သူ မှန်သမျှကို အရှုံးပေးပြီး နေရခြင်းအားဖြင့် တကယ်ပဲ စိတ်ချမ်းသာမှု ရသလား၊ တကယ်ပဲ စိတ်ကျေနပ်မှု ရသလား၊၊ ကိုယ်က တဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး၊ သူခိုင်းတာ မလုပ်နိုင်ဘူး၊ သူတောင်းတာ မပေးနိုင်ဘူး ဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲဒီလို ငြင်းပယ်တာကိုပဲ သူ့ကို တနည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးပဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်၊၊ ကိုယ်က တဖက်သားကို လေးစားတဲ့အကြောင်းနဲ့ သူ့ရဲ့ လိုအပ်ချက်ကိုလည်း အလေးအနက်ထားကြောင်း အသိအမှတ်ပြုကြောင်းကို တနည်းနည်းနဲ့ ပြောသင့်တယ်၊၊ နင်မကောင်းဘူး၊ နင်မှားတယ် ဆိုတဲ့ အပြစ်တင်တဲ့ စကားထက် ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်ကို ပြောပြတဲ့ စကားက ရေရှည် ဆက်ဆံရေးမှာ ပိုပြီး ထိရောက်တယ်၊၊
🌹🌹🌹
အနိုင်လိုချင်တဲ့သူက တဖက်သားကို အားနဲသွားအောင် လုပ်ချင်တယ်၊၊ သု့အမှား သေးသေးလေးကို အမှားကြီးကြီး ဖြစ်သွားအောင် လုပ်ချင်တယ်၊၊ သူ့ကို မမှား မှားအောင် တခါတလေ ချောင်ပိတ်လိုက်ချင်တယ်၊၊တဖက်သား ရှုံးနိမ့်သွားမှသာ ကိုယ်က အားကြီးတဲ့သူ အနိုင်ရတဲ့သူ ဖြစ်မယ်လို့ ထင်နေတယ်၊၊ သူနိမ့်မှ ကိုယ်မြင့်မယ်လို့ သဘောထားတာဟာ အင်မတန်သေးသိမ်တဲ့ သဘောထား ဖြစ်တယ်၊၊ ကိုယ့်ကိုယ်ကို သေးသိမ် သွားအောင် လုပ်ချင်သလား၊၊ ကိုယ့်ကို အောက်တန်းကျတဲ့သူ ဖြစ်သွားအောင် သူများ လုပ်လို့ မရပါဘူး၊၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လို့ ရတယ်၊၊ တချို့ လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှု မရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရမှ နေသာထိုင်သာ ရှိတယ်၊၊ အဲဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊၊ အနိုင်ရနေမှ နေသာထိုင်သာဖြစ်တဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော် ပျော့ညံ့တဲ့သူပဲ၊၊ စိတ်ဓာတ်အင်အား ကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး၊၊
🌹🌹🌹
ပစ္စည်း ဥစ္စာ ရာထူး အမြင့်ဆုံး ရောက်လာပြီ ဆိုရင် psychic inflation လို့ခေါ်တဲ့ စိတ်ကြီးဝင်တာ၊ ဘဝင်မြင့်တာ၊ မာနကြီးတာတွေဟာ ဖြစ်လာတယ်၊၊ အများနဲ့ ဆက်ဆံတဲ့အခါမှာ မတူဘူး၊ မတန်ဘူး ဆိုတဲ့ သဘောနဲ့ အထက်စီးကနေ တင်စီး ပြီးတော့ တစ်ဆင့်မြှင့် သဘောထားမျိုးနဲ့ ဆက်ဆံတယ်၊၊ သူများကိုတော့ အောက်နှိမ့်ချပြီး တဆင့်နိမ့် နေရာမှာ ထားတယ်၊၊ ဒီလို အထက်အောက် ဆက်ဆံရေးမျိုး သဘောထားမျိုးနဲ့ ဆက်ဆံနေရတာဟာ စိတ်မှာ ကြည်လင်မှု ချမ်းသာမှု မရဘူး၊၊ တကယ့် မေတ္တာ၊ ကရုဏာ မဖြစ်ဘူး၊၊ ရိုးသားမှု၊ ပွင့်လင်းမှု မရှိဘူး၊၊ သူတို့ ဘဝမှာ မြှောက်ပင့်တာနဲ့ နှိမ်တာပဲ ရှိတော့မယ်၊၊ သူများကို မောက်မောက်မာမာ ဆက်ဆံ နေရတာနဲ့ပဲ ကိုယ့်စရိုက်တွေ ကြမ်းတမ်းသွားတာ ကိုယ့်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်၊၊
🌹🌹🌹
သဘောထားသေးရင် သူတပါးရဲ့ဘဝကို ချုပ်ကိုင် ထားရတာကို သဘောကျတယ်၊၊ အားရှိတဲ့ powerful ဖြစ်တဲ့ ခံစားမှုမျိုးကို ရတာကိုး....၊၊ သူတပါးအပေါ်မှာ အနိုင်ကျင့်တာ၊ ဖိနှိပ်ချုပ်ချယ်တာဟာ တကယ်တော့ စိတ်အားရှိတာ (powerful ဖြစ်တာ) နဲ့ တခြားစီပဲနော်၊၊ အနိုင်ကျင့်တာ၊ ဖိနှိပ်ချုပ်ချယ်တာ၊ power play လုပ်တာရဲ့ အဓိပ္ပာယ်က စိတ်အား ငယ်ခြင်း (powerless) လို့ အဓိပ္ပာယ် ပေါက်တယ်၊၊ စိတ်ဓာတ်အင်အား ကြီးတဲ့သူ၊ သဘောထား ကြီးတဲ့သူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး၊၊ ဘယ်သူ့ အထက်ကမှ မနေချင်ဘူး၊၊ သူများတွေက ချစ်လွန်းလို့၊ ရိုသေလွန်းလို့ လေးစားလွန်းလို့ပါ ဆိုပြီး ခေါင်းပေါ် တင်ထားတာတာင်မှ သူတို့ မနေချင်ပါဘူး၊၊ သဘောထားသေးတဲ့ သူကတော့ သူများကို ကုပ်ခွပြီးတော့ စီးထားချင်တယ်၊၊ အထက်စီးကနေ ပြောဆို ဆက်ဆံချင်တယ်၊၊ သူများက ကိုယ့်ကို ရိုသေလေးစားနေတဲ့ပုံမျိုး ပြနေမှ ကျေနပ်နေတတ်တယ်၊၊ ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊ သူများကို တနည်းနည်းနဲ့ နိုင်ရတာကို အရသာ တွေ့တယ်၊၊ ဥာဏ်ပညာကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူဟာ အနိုင်အရှုံးမရှိတာကိုပဲ နှစ်သက်တယ်၊၊💧💧💧
🌹🌹🌹
နိုင်လိုသူကိုအရှုံးပေး နှလုံးအေးတဲ့ဆေး လို့ ပြောကြတယ်၊၊ တကယ်ပဲ နှလုံး အေးသလား၊၊ အမြဲတမ်း နိုင်နေရတဲ့လူက သူ နောင်လည်းပဲ အနိုင်ယူချင်နေမှာပဲ၊၊ ဆက်ဆံရေးက ပြေလည်မှု မဖြစ်လာနိုင်ဘူး၊၊ စိတ်နေသဘောထား မတိုးတက်နိုင်ဘူး၊၊ လုပ်ရည်ကိုင်ရည် မတိုးတက်နိုင်တော့ဘူး၊၊ နှစ်ဖက်စလုံးက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ပညာ မရလိုက်ဘူး၊၊ အများကြီး ဆုံးရှုံးသွားတယ်၊၊ အနိုင်ရနေတဲ့သူကလည်း ပညာ မရဘူး၊ အရှုံး ပေးနေရတဲ့ သူကလည်း ပညာ မရဘူး၊၊ တယောက်ယောက်နဲ့ ရင်ဆိုင်ပြီး အကြိတ်အနယ် ပြောရတော့မယ်ဆိုရင် ဘယ်တော့မှ မပြောဘူး၊၊ အမြဲတမ်း အရှုံး ပေးလိုက်တယ်၊၊ အဲဒီလို အရှုံး ပေးတော့ကော ဘာဖြစ်သလဲ၊၊ အဲဒီလို အရှုံးပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ အမြင်၊ ကိုယ့်ရဲ့ ရှုထောင့်ကို ဖော်ပြခွင့် မရတော့ဘူး၊၊ အဆုံးရှုံးခံလိုက်ရတယ်၊၊ ကိုယ့်ရဲ့ ခံစားချက်ကိုလည်းပဲ ဖော်ပြခွင့် မရတော့ဘူး၊၊ အဆုံးရှုံး ခံလိုက်ရတယ်၊၊ အမြဲတမ်း အရှုံးပေးနေရတော့ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှု မရှိတော့ဘူး၊၊ ဒါလည်း ဆုံးရှုံးမှု တခုပဲ၊၊ အမြဲတမ်း အရှုံးပေးရတဲ့သူဟာ ကြာလို့ရှိရင် သိမ်ငယ်တဲ့စိတ် (inferiority feeling) ဖြစ်လာတယ်၊၊ ဆက်ဆံရေးတိုင်းမှာ သတိထားရမှာက ရန်လည်းမလုပ်ဘူး၊ ထွက်လည်း မပြေးဘူး၊ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး၊ တခြား တနည်းနည်းနဲ့ ပြေလည်အောင် လုပ်လို့ရတယ်ဆိုတာကို မမေ့ဖို့ပဲ၊၊
🌹🌹🌹
ကိုယ့်ထက် သူများက သာတဲ့အချက် ရှိနိုင်ပါတယ်၊၊ သူများထက် ကိုယ်က သာတဲ့အချက်လည်း ရှိနိုင်တာပဲ၊၊ သူများထက် သာတယ်လို့လည်း မတွေးချင်ပါဘူး၊၊ အဲဒီလို တွေးရင် သူများကို နှိမ်ရာရောက်တယ်နော်၊၊ သူများက ငါ့ထက် သာတယ်လို့လည်း မတွေးချင်ဘူး၊၊ အဲဒီလို တွေးရင်လည်း ကိုယ့်ကိုယ်ကိုယ်ကို နှိမ်ရာရောက်တယ်၊၊ဘယ်ဟာကောင်းသလဲ၊၊ ဘယ်ဟာမှ မကောင်းဘူး၊၊ အကောင်းအဆိုး အမှားအမှန် ဆိုတဲ့ ဝေဖန်ချက် တော်တော်များများဟာ ကိုယ့်ဘက်ကို ကိုယ်လိုသလို ဆွဲပြီး တွေးကြတာတွေများပါတယ်၊၊ တကယ် ဘက်မလိုက်ဘဲနဲ့ မျှမျှတတ မြင်နိုင်တဲ့သူ ရှားပါတယ်၊၊ ကိုယ်ဘယ်လို ခံစားနေရတယ် ဆိုတာ သိမယ်၊၊ ပြီးတော့ ခံစားမှုဆိုတာ ခံစားမှုမျှပဲဆိုတာကို မမေ့ဘူး၊ သိနေမယ်၊၊ သိနေတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့နည်းနဲ့ ကိုယ့်ရဲ့ခံစားချက်တွေအတွက် အဖြေရှာနိုင်မယ်၊၊ အဲဒီလို အဖြေရှာရာမှာ နောက်ထပ် ပြဿနာတွေ အခက်အခဲတွေကို မဖြစ်စေဘူး၊၊ ကိုယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရလို့ စိတ်ဆိုးနေတယ်၊ ဒေါသ ဖြစ်နေတယ်ဆိုရင် အဲဒီလို ခံစားနေရတာကို သေသေချာချာ သိနေရင် မပေါက်ကွဲဘူး၊၊ ကိုယ့်အခွင့်အရေးကို ရအောင် ပြောမယ်၊ လုပ်မယ်၊၊ ဒါပေမဲ့ အဲဒီလို လုပ်ရာမှာ နောက်ထပ် ပြဿနာတွေ အမှားတွေ ဖြစ်မလာအောင်လည်း သတိထားလို့ ရတယ်၊၊
🌹🌹🌹
တဖက်ကမှားနေလို့ ကိုယ်ကပါ လိုက်မှားရင် အမှားနှစ်ခုဟာ အမှန်တခု ဖြစ်မလာနိုင်ဘူး၊၊ သူက မှားနေလို့ ကိုယ့်မှာ မှားပိုင်ခွင့် ရှိတယ်လို့ သဘောထားလို့ မရဘူး၊၊ သူ့အမှားက ကိုယ့်အမှားကို အမှန်ဖြစ်အောင် လုပ်မပေးနိုင်ဘူး၊၊ သူများ မကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ ပြောမနေပါနဲ့၊၊ သူများ အပြစ်ကို အချိန်ကုန်ခံပြီး ပြောမနေပါနဲ့၊၊ အဲဒီလို အချိန်ကုန်ခံပြီးပြောနေရင် အဲဒီ အချိန်တွေဟာ ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့ အတွက်ကြောင့် ကိုယ့်ဘဝဟာ တိုးတက်မှု၊ ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး၊၊ သူများမကောင်းကြောင်းကို အချိန်ကုန်ခံပြီး အတင်းပြောနေရတာကို အရသာတွေ့တဲ့သူရဲ့ စိတ်ဟာ အားငယ်တတ်တဲ့စိတ်၊ သဘောထား သေးတဲ့စိတ် ဖြစ်တယ်၊၊ အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်၊၊ ကိုယ် မှန်တိုင်းဝင်ပြောပြီး အနိုင်မယူသင့်ဘူး၊၊ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထား ဖြစ်တယ်၊၊ အရေးကြီးတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ် သိတိုင်းလည်း မပြောသင့်ဘူး၊ မေးတိုင်းလည်း မဖြေသင့်ဘူး၊၊ စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့၊၊ လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိ မပေးလိုက်ပါနဲ့၊၊ ကိုယ့်ကို သဘောကျသွားအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေ ပေးမယ်ဆိုတာမျိုးကို မစားရဝခမန်း မပြောပါနဲ့၊၊ ကိုယ့်ကို အင်မတန် သဘောကောင်းတယ်လို့ မြင်စေချင်လို့ ချက်ချင်း ဝမ်းသာသွားအောင် မပြောပါနဲ့၊၊ အပြောနဲ့အလုပ် မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး၊၊ တကယ် ပေးနိုင်မှ၊ တကယ် လုပ်ပေးနိုင်မှပဲ ပြောပါ၊၊ ပေးနိုင်တာထက် နဲနဲလျှော့ပြောတာ ကောင်းတယ်၊၊
🌹🌹🌹
လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး၊၊ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်၊၊ အဲဒီအခါ စိတ်တိုမယ်၊ စိတ်ညစ်မယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓာတ်ကျမယ်၊၊ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပါတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာ သေချာတယ်၊ ဒီလို အပြောမျိုးကတော့ ခံရဖို့ သေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြော ခံရတဲ့အခါ၊ စိတ်မပျက်ဘူး၊ စိတ် မညစ်ဘူး၊ စိတ်ရှည်ရှည် ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ၊၊ ပုဏ္ဍားကြီးတယောက်က ဘုရားကို လာပြီး ဆဲတယ်၊၊ အကြာကြီး ဆဲနေလည်း မြတ်စွာဘုရားက ဘာမှ ပြန်မပြောဘူး၊၊ ကြာတော့ ပုဏ္ဍားကြီးလည်း သူ့ဟာသူ ရပ်သွားရတာပဲ၊၊ ရပ်သွားပြီးတော့ သူ ဒီလောက်ကြီး ဆဲနေတာ ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲလို့ ဘုရားကို မေးတယ်၊၊ ဘုရားက- သင့်ကို ဥပမာလေးနဲ့ ပြောမယ်တဲ့၊၊ သင်က လက်ဆောင် ပစ္စည်းတခု ပေးချင်လို့ ယူလာတယ်၊၊ ယူလာပြီးတော့ ရော့ ဒီပစ္စည်းကလေးကို ယူပါလို့ ပေးတယ်၊၊ ပေးတဲ့အခါမှာ မယူချင်ပါဘူးလို့ ငြင်းလိုက်လို့ရှိရင် အဲဒီပစ္စည်းဟာ ဘယ်သူ့လက်ထဲမှာ ရှိနေမလဲတဲ့၊၊ ပုဏ္ဍားကြီးက- ကိုယ့်လက်ထဲမှာပဲ ရှိနေမှာပေါ့တဲ့၊၊ အဲဒီလိုပဲ သင်ဆဲတာကို ငါဘုရားက မယူဘူးတဲ့၊၊ ကိုယ်က ယူလိုက်လို့ ကိုယ်ခံရတာနော်၊၊
🌹🌹🌹
ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ စိတ်ထားနဲ့ အရည်အချင်း မြင့်လာအောင် တတ်နိုင်သလောက် လုပ်ပါ၊၊ အားလုံး စိတ်ထား မြင့်လာရင် အားလုံးအတွက် ကောင်းပါတယ်၊၊ စိတ်နေ သဘောထားကောင်းတဲ့ သူတွေ၊ သတိနဲ့ နေတတ်တဲ့ သူတွေ၊ ချင့်ချိန်နိုင်တဲ့ သူတွေ၊ စည်းကမ်းရှိတဲ့ သူတွေ ပိုပြီး များလာအောင် ကူညီရမယ်၊၊ ကိုယ့် အခက်အခဲ ကိုယ့် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်စဉ်းစားမှသာ ရေရှည်ပြေလည်တဲ့အဖြေကို ရမယ်၊၊
🌹🌹🌹
နေ့စဉ်ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ၊ နေ့စဉ် ကိုယ့်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ၊သဘောထားတွေ၊ နေ့စဉ် ပြောပုံ ဆိုပုံ လုပ်ပုံ ကိုင်ပုံတွေ၊ နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံတွေက ကိုယ့်ကို “ဘယ်လိုလူ” ဆိုတာကို ပုံဖော်ပေးနေတယ်၊၊ သင် ဘယ်လိုလူလဲဆိုတာ သိချင်ရင် သင့်ပတ်ဝန်းကျင်ကလူတွေကို သင် ဘယ်လိုဆက်ဆံနေတယ်ဆိုတာကို အကဲခတ်ပါ၊၊ ကိုယ့်ရဲ့ ဆက်ဆံရေးဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတယ်၊၊ ကိုယ့်စိတ်ထားကို ဖေါ်ပြနေတယ်၊၊လူတယောက်ရဲ့အဆင့်အတန်း မြင့်သွားလေလေ သူ့ရဲ့ပြောပုံဆိုပုံဟာလည်း အဆင့်အတန်း မြင့်သွားလေလေ ဖြစ်ရမယ်၊၊ လူတယောက်ရဲ့ စိတ်နေသဘောထားနဲ့ ဥာဏ်ပညာကို သူစကားပြောပုံကို ကြည့်ပြီး အကဲခတ်လို့ ရတယ်၊၊ စိတ်နေသဘောထား အဆင့်မြင့်တဲ့သူ၊ ဥာဏ်ပညာ အဆင့်မြင့်တဲ့သူဟာ စကားကို သတိနဲ့ ပြောတယ်၊၊ စဉ်းစဉ်းစားစား ပြောတယ်၊၊ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ် တန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကို တန်ဖိုး ထားတယ်၊၊ စကားကို ပေါ့ပေါ့တန်တန် မပြောဘူး၊၊ ကိုယ့်စကားကို ကိုယ် တန်ဖိုးမထားရင် ကိုယ့်ကိုယ်ကို ကိုယ် တန်ဖိုးမထားရာ ရောက်တယ်၊၊ လူတယောက်သုံးတဲ့ ဝေါဟာရကို ကြည့်ရုံနဲ့ ဒီလူရဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ်ပညာရေးအဆင့် ဘယ်လောက်ရှိလဲ ဆိုတာကို ခန့်မှန်းလို့ ရတယ်၊၊ ကိုယ်ပြောတဲ့ စကားဟာ ကိုယ် ဘယ်လိုလူဆိုတာကို ဖော်ပြနေတာပဲ၊၊ ကိုယ့် အဆင့်အတန်းကို ဖေါ်ပြနေတာပဲ၊၊
🌹🌹🌹
ကိုယ့်ဘဝကို မူတစ်ခုနဲ့ နေသွားရမှာ၊၊ မူမရှိလို့ရှိရင် စိတ်ဆိုတာ ကောင်းချင်တဲ့အခါ ကောင်းလိုက်၊ မကောင်းချင်တဲ့အခါ မကောင်းလိုက်နဲ့ အမြဲတမ်း ပြောင်းနေတယ်၊၊ ဒါကြောင့် mood ကို အဓိကထားပြီးတော့ နေမယ်ဆိုရင် စိတ်ကောင်း ဝင်တဲ့အခါမှာ ကောင်းတာလေး လုပ်လိုက်၊ စိတ်ကောင်း မဝင်နိုင်တဲ့အခါ၊ စိတ်ပုတ် စိတ်ယုတ်တွေ ဝင်လာတဲ့အခါမှာ မသင့်တော်တာတွေ လုပ်လိုက်မယ်ဆိုရင် ကိုယ့်ဘဝဟာလည်း မပီပြင်တော့ဘူး၊၊ ကိုယ်နဲ့ လောကကြီးနဲ့ ဆက်ဆံရေးကလည်း မပီပြင်တော့ဘူး၊၊ ပရမ်းပတာ ဖြစ်နေမယ်၊၊ လောကကြီးနဲ့ကိုယ်နဲ့ ဆက်စပ်နေတယ်၊ ပတ်သက်နေတယ်၊ သီးခြားဖြစ်အောင် ခွဲထားလို့ မရဘူး၊၊ လောကကြီးကို ဒုက္ခရောက်အောင် လုပ်တယ်၊ ဖျက်ဆီးတယ်ဆိုရင် ကိုယ့်လောကကို ကိုယ် ဖျက်ဆီးတာပဲ၊၊ ကိုယ်လည်း ဒုက္ခရောက်မှာပဲ၊၊ လောကကြီးကို ကိုယ့်အတွက် အသုံးချဖို့သက်သက်လို့ သဘောမထားသင့်ဘူး၊၊ တန်ဖိုးထားပြီးတော့ ထိန်းသိမ်းစောင့်ရှောက် ရမယ်၊၊ ကိုယ့် တယောက်တည်းအတွက် မဟုတ်ဘူး၊၊ နောင်လာနောက်သားတွေ အားလုံးအတွက် စဉ်းစားပြီးတော့ ထိန်းသိမ်း ရမယ်၊၊
🌹🌹🌹
သားသမီးကို လူတော်လူကောင်း ဖြစ်စေချင်ရင် သူ့ကို မိဘက တန်ဖိုးထားရမယ်၊ လေးစားရမယ်၊ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်ဆံရမယ်၊၊ တချို့မိဘတွေက ပရိယာယ်နဲ့လိမ်တာတွေ ရှိတယ်နော်၊၊ အဲဒါမကောင်းဘူး၊၊ ကောင်းစေချင်လို့ လိမ်တာလည်း မကောင်းဘူး၊၊ လိမ်ရင် ဆက်ဆံရေးဟာ တကယ်ရိုးသားမှု မရှိဘူး၊၊ ရိုးသားမှု မရှိရင် ယုံကြည်မှု မရှိဘူး၊၊ မိဘနဲ့သားသမီးဆက်ဆံရေးဟာ အဓိပ္ပာယ် ရှိမှ၊ ကျေနပ်စရာ ကောင်းမှ၊ ရိုးသားမှု ပွင့်လင်းမှု ရှိမှ ဒီသားသမီးဟာ ပြင်ပလောကမှာလည်း အဓိပ္ပာယ်ရှိတဲ့၊ ကျေနပ်စရာကောင်းတဲ့၊ ရိုးသားမှု ပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးနိုင်မယ်၊၊ သူ့ကိုယ်သူလည်း ယုံကြည်မှု ရှိမယ်၊၊🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️▫️▫️▫️၏ ▫️▫️▫️▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

No comments:

Post a Comment